April 23, 2024

Pa-O Youth Organization (PYO)

To promote quality critical thinking and creative of youth

ဆီဆိုင်မြို့နယ်တွင် ရွာသားတစ်ဦးအား အပြစ်မရှိ ရိုက်နှက်ခဲ့သည့် PNA အသွင်ပြောင်း ပြည်သူ့စစ် ၃ ဦးကို ဖမ်းဆီးရမိ

Friday, March 23, 2018
စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ နယ်၊ ဘန်းယဉ်တိုက်နယ်၊ တိကလိုင် ကျေးရွာတွင် မတ်လ ၂၀ ရက်က ဒေသခံရွာသားတစ်ဦးအား အပြစ်မရှိ ရိုက်နှက်သည့် PNA အသွင်ပြောင်း ပြည်သူ့စစ် ၃ ဦးကို မတ်လ ၂၂ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 

“မတ်လ ၂၀ ရက်က PNA ပြည်သူ့စစ် ၃ ဦးကနေ ဦးထွန်းအောင်ကို သေနတ် ဒင်နဲ့ထုခဲ့တယ်။ ပြည်သူ့စစ် အဖွဲ့ ရယ်၊ ဘန်းယဉ်တပ်နယ်က တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး လိုက်လံစစ်ဆေးဖမ်းဆီးခဲ့တယ်။ တရားခံ ၃ ဦး ကို မနေ့က ဖမ်းမိခဲ့တယ်။ အခုလက်ရှိထိ သူတို့ ၃ ဦးကို ဘန်းယဉ်ရဲစခန်းမှာ စစ်ဆေးဆောင်ရွက်နေတယ်” ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး စိုးထွန်းဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

မတ်လ ၂၀ ရက်က PNA ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၃ ဦးမှ တိကလိုင်ရွာသူကြီး ဦးစောကို ခြိမ်းခြောက်ငွေတောင်းရာ တစ်ရွာတည်းနေ ဦးထွန်းအောင်မှ ရွာသူကြီးဦးစောကို မရိုက်နှက်ရန် တောင်းပန်ခဲ့ရာ ယင်းပြည်သူ့စစ် တပ်ဖွဲ့ဝင်များမှ ဦးထွန်းအောင်အား သေနတ်ဖြင့်ပစ်ခတ်ရာ ကျည်မထွက်သည့်အတွက် သေနတ်ဒင်၊ တုက်တို့ဖြင့်ရိုက်နှက်ခဲ့သောကြောင့် ဒဏ်ရာများ ရရှိ၍ တောင်ကြီးမြို့  စဝ်စံထွန်းဆေးရုံတွင် မတ်လ ၂၃ ရက်အထိ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

.

သို့ဖြစ်၍ ဦးထွန်းအောင်အား ရိုက်နှက်ခဲ့သည့် PNA အသွင်ပြောင်း ပြည်သူ့စစ် တပ်ဖွဲ့ဝင် ချစ်ဖြူ၊ မြင့်မောင်နှင့် မောင်ခေတ်တို့အား ဘန်းယဉ်ရဲစခန်းတွင် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

 

Source: Kanbawza Tai News