April 24, 2024

Pa-O Youth Organization (PYO)

To promote quality critical thinking and creative of youth

ပင်လောင်းမြို့နယ်၊ တီကျစ် လျှပ်စစ်အားပေးစက်ရုံသို့ ကျောက်မီးသွေးပေးပို့နေသည့် ဧဒင်ကုမ္ပဏီ၏ တူးဖော်ရေးလုပ်ကွက် အတွင်း မီးလောင်မှုဖြစ်ပွား

Tuesday, April 24, 2018
မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်း တည်ဆောက်ထားသည့် တီကျစ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ကျောက်မီးသွေးလောင်စာ ပေးပို့နေသော ဧဒင်စွမ်းအင်နှင့် သဘာဝ အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်မှ တူးဖော်ထုတ်လုပ်နေသည့် ကျောက်မီးသွေးသတ္တုတွင်းတွင် ဧပြီလ ၂၃ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံကသိရသည်။

အဆိုပါ သတ္တုတွင်း မီးလောင်မှုနှင့် စပ်လျဉ်း၍ ဧဒင်ကုမ္ပဏီမှ မန်နေဂျာ ဦးစိုးဝင်းမှ “၂၃ ရက်၊ မွန်းလွဲပိုင်း ၁၂ နာရီခွဲက တောမီးကနေ ကူးစက်ပြီးလောင်တာပါ။ ညနေ ၃ နာရီလောက်မှာ မီးထိန်းနိုင်ပါတယ်၊ အများပြည်သူဘက်တော့ မကူးစက် အောင် မီးသတ်တပ်ဖွဲ့အကူအညီနဲ့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အခုတော့ မီးလောင်တဲ့နေရာက မီးကြွင်းမီးကျန် တွေကိုပဲ လက်စသတ် ငြှိမ်းသတ်နေပါတယ်“ဟု ဧပြီလ ၂၄ ရက် နံနက်ပိုင်းတွင် ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
ပင်လောင်းမဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်စောအောင်မှလည်း “ ရွာမှာမနေတော့ သေချာ မသိလိုက်ဘူး၊ ဒါပေမဲ့ ကုမ္ပဏီဘက်က လူထုကိုထိခိုက်မှုရှိလာရင် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမှာပါ။ ကျောက်မီးသွေး တူးဖော်မှု လျှပ်စစ်စက်ရုံကိစ္စတွေကတော့ ပြည်ထောင်စုဝန်ကြီးဌာနနဲ့ ပိုဆိုင်မယ်။ ဘာကြောင့်လဲဆိုတော့ သူတို့နဲ့ လက်မှတ်ထိုးတာလေ။ ပြည်နယ်အစိုးရက စမ်းသပ်ခွင့်ပြုတာ ၅ လပိုင်းမှာ ၁ နှစ်ပြည့်မှာဖြစ်ပါတယ်။ လူထု၊ တိုင်းပြည်၊ အစိုးရ အကျိုးစီးပွားဖြစ်ရင် အကြောင်းမဟုတ်ပေမဲ့ ထိခိုက်မှုတွေ ရှိရင်တော့ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းတွေကို မေးမြန်းရမှဖြစ်ပါတယ်“ဟု ပြောကြားခဲ့သည်။
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားစက်ရုံအတွက် လိုအပ်သော ကျောက်မီးသွေး တူးဖော်ခွင့်ကို ဧဒင်စွမ်းအင်နှင့်သဘာဝအရင်းအမြစ်များအဖွဲ့အား ပြည်ထောင်စု သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာနမှ ခွင့်ပြုမိန့်အမှတ်စဉ် ၂/၂၀၁၃ ဖြင့် ၂၀၁၃ ခုနှစ်၊ မတ်လ ၁၁ ရက်မှ နှစ်ပေါင်း ၂၀ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“MATA ရှမ်းပြည်အလုပ်အဖွဲ့နဲ့ ALARM ပေါင်းပြီး လေ၊ ရေ၊ မြေ တိုင်းတာတဲ့လုပ်ငန်းတွေကို ပြီးခဲ့တဲ့ မတ်လက လုပ်ဆောင်ခဲ့ ပါတယ်။ ပြည်နယ်အစိုးရရဲ့ EIA အစီရင်ခံစာထွက်လာတဲ့အပေါ်မူတည်ပြီး ဓာတ်ခွဲခန်းအဖြေတွေနဲ့ တိုက်ဆိုင်စစ်ဆေးကာ လူထုကို တင်ပြသွားဖို့ရှိပါမယ်“ဟု မြန်မာလူထုမဟာမိတ်အဖွဲ့ဝင် ဦးအောင်ကျော်မိုးကဆိုသည်။
.
.
.
Source: Kanbawza Tai News