April 24, 2024

Pa-O Youth Organization (PYO)

To promote quality critical thinking and creative of youth

ပအိုဝ်းလူငယ်အစည်းအရုံး(PYO) မှ ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအကြောင်း

၁၃ ရက် သြဂုတ်လ ၂၀၁၈ ခုနှစ် ၊ နေရာ – တောင်ကြီးမြို့
ပအိုဝ်းလူငယ်အစည်းအရုံး(PYO) နှင့် ဆီဆိုင် ဟိုပုံး ပင်လောင်းမြို့နယ် မြေသိမ်းခံခဲ့ရသည့် ဒေသခံ တောင်သူများ ပူးပေါင်း၍ ထုတ်ဝေသည့် “ကျွန်ုပ်တို့၏ မြေယာ” အစီရင်ခံစာ စာအုပ် သတင်းစာရှင်းလင်းပွဲကို ၁၃ ရက် သြဂုတ်လ ၂၀၁၈ ခုနှစ်တွင် တောင်ကြီးမြို့၌ အောင်မြင်စွာကျင်းပ ပြုလုပ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် ပအိုဝ်းလူငယ်အစည်းအရုံးမှ ရုံးတာဝန်ခံများအပါအဝင် မြို့နယ် လယ်မြေသိမ်းခံခဲ့ရသည့် တောင်သူများ လူငယ်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် မီဒီယာဌာနများမှ တက်ရောက်အားပေးခဲ့ကြသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၃ မြို့နယ်ရှိ လယ်သိမ်းခံခဲ့ရသည့် တောင်သူလယ်သမားများအား တွေ့ဆုံမေးမြန်းပြီး ရရှိလာသည့် အချက်အလက်များကို အခြေခံ၍ စာရင်းပြုစု ထုတ်ဝေသည့် အစီရင်ခံစာ စာအုပ်ဖြစ်သည်။ တွေ့ဆုံမေးမြန်းထားသည့် အချက်အလက်များကို အခြေခံ၍လည်းကောင်း လယ်သမားများမှ ၎င်းတို့၏ မြေယာ ပြဿနာအတွေ့အကြုံများ အဖြစ်အပျက်များအား သက်ဆိုင်ရာ ပါဝင်ပတ်သက်သူများအား ဖော်ပြသွားမည်ဖြစ်သည်။

သတင်းစာရှင်းလင်းပွဲတွင် မီဒီယာဌာန ၇ ခုနှင့် အခြားသော ဖိတ်ကြားထားသည့် တက်ရောက်လာသူပေါင်း ၈၀ ဦး ခန့် ပါဝင် တက်ရောက်ခဲ့သည်။ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် သတင်းစာရှင်းလင်းပွဲအခန်းအနားစတင်ခဲ့ပြီး ကျွန်ုပ်တို့၏ မြေ အစီရင်ခံစာ စာအုပ် ထုတ်ဝေရသည့် ရည်ရွယ်ချက်များ နည်းလမ်းများနှင့် ပအိုဝ်းလူငယ်အစည်းအရုံးအကြောင်း စတင် မိတ်ဆက်ခြင်း ပြုလုပ်ခဲ့သည်။ ၎င်းနောက် ပအိုဝ်းလူငယ်အစည်းအရုံး အထွေထွေအတွင်းရေးမှူးမှ အစီရင်ခံစာစာအုပ်တွင် ပါဝင်သည့် အချက်အလက်များ တောင်းဆိုချက်များအား တင်ပြခဲ့သည်။ တက်ရောက်လာသည့် မြို့နယ်အလိုက် တောင်သူကိုယ်စားပြုကိုယ်စားလှယ် ၃ ဦးမှ မိမိတို့ ရင်ဆိုင်နေရသည့် မြေသိမ်းပြဿနာများနှင့် မိမိဒေသတွင်းရှိ အဖြစ်အပျက်များ မိမိတို့ မြေယာ ပြန်လည်ရရှိရေးအတွက် လုပ်ဆောင်မှုများအား ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် အမေးအဖြေအခန်းကဏ္ဍတွင် တက်ရောက်လာသူတစ်ဦးမှ “အစီရင်ခံစာ ထုတ်ဝေပြီးနောက် ထပ်မံ၍ ပြုလုပ်မည့် နောက်ဆက်တွဲ လုပ်ငန်းစဉ်များ မည်သို့ရှိပါသနည်း။” မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် မိမိတို့ ၃ မြို့နယ် မြေသိမ်းခံတောင်သူများမှ ဆက်လက်၍ လယ်ယာမြေအရေးဆိုင်ရာ ပြဿနာများအား ဘုံသဘောထားတူညီစွာဖြင့် အတူတကွ စုပေါင်း၍ ပူးပေါင်း ဆောင်ရွက်သွားရန်ရှိသည်ဟု ဖြေကြားခဲ့သည်။

အကြံပြုချက်များ

  1. မြေသိမ်းမှုများအား ဖော်ထုတ်ဖြေရှင်းရန်အတွက် ဖွဲ့စည်းထားသော လွှတ်တော် လယ်ယာမြေ ကော်မရှင်၏ တရားစီရင်မှုပြုလုပ်ပိုင်ခွင့်ကို အစိုးရဌာနများ အပါအ၀င် တပ်မတော်များ ပါဝင်ပတ်သက်နေသည့် မြေသိမ်းမှုများအား စုံစမ်းစစ်ဆေး ဖြေရှင်းနိုင်သည်အထိ တိုးမြှင့်ရန်။
  2. လုပ်ကွက်ငယ်တောင်သူများနှင့် ကျေးလက်လူ့အဖွဲ့အစည်း တို့၏ အခွင့်အရေးများနှင့် ၎င်းတို့၏ တင်ပြဆွေးနွေးမှုများကို လေးစားပြီး ကျိုးကြောင်းဆီလျှော်စွာ နှစ်ဦးသဘောတူ ပြန်လည်၍ ညှိုနှိုင်းဆောင်ရွက်ပေးရန်။
  3. လူ့အဖွဲ့အစည်း အသိုင်းအ၀ိုင်း အလိုက်နှင့် တစ်ဦးချင်းစီ၏ အခွင့်အရေးကို ညီမျှစွာ ကာကွယ် ပေးမည့် မူဝါဒကို ပြဌာန်းပေးရန် နှင့် မြေယာဆုံးရှုံးသူ ပြည်သူများအနေနှင့် သင့်တော်သည့် နစ်နာကြေးလျော်ကြေးများ ရရှိစေရန်အတွက် ဆောင်ရွက်ပေးရန်။
  4. မြန်မာအစိုးရမှ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်တွင် လက်မှတ်ထိုးထားသည့် ကတိက၀တ် အတိုင်း အပြည့်အ၀ အကောင်အထည်ဖော် ဆောင်ရွက်ရန်။
  5. ဒေသခံတိုင်းရင်သားပြည်သူလူထုများ၏ မြေယာများကို မီခို၍ အသက်မွေးဝမ်းကြောင်းအတွက် မိရိုးဖလာအရ လုပ်ကိုင်စားသောက်မှုများ၊ ရိုးရာဓလေ့မြေယာ ကျင့်သုံးမှုများအား အသိအမှတ် ပြုပေးရန်။
  6. ဒေသခံလူထုများအား မြေယာအရေးကိစ္စများနှင့် ပတ်သက်၍ ကြိုတင်အသိပေးခြင်း လွတ်လပ်စွာ တင်ပြညှိုနှိုင်းခွင့်ပေးခြင်း၊ လုံလောက်သော အချိန်ပေးကာ ဆုံးဖြတ်ချက်များကို ရယူခြင်း ပါဝင် ဆောင်ရွက်ခွင့်ပေးခြင်းအပြင် ကိုယ်ပိုင်စီမံခန့်ခွဲပိုင်ခွင့်၊ ပိုင်ဆိုင်ခွင့် နှင့် အကျိုးအမြတ်ခံစားပိုင်ခွင့် ပေးခြင်း ကို ပြုလုပ်ပေးရန်။

နံနက်ပိုင်းသတင်းစာရှင်းလင်းပွဲကျင်းပပြုလုပ်ပြီးနောက် နေ့လယ်ပိုင်း ၁ နာရီအချိန်တွင် ပအိုဝ်းလူငယ်အစည်းအရုံးမှ ဦးဆောင်၍ အလုပ်ရုံဆွေးနွေးပွဲကို မြို့နယ် ၃ မြို့နယ်မှ တက်ရောက်လာသည့် ဒေသခံကိုယ်စားလှယ် တောင်သူများနှင့် လူငယ်များ ပူးပေါင်း၍ နောက်ထပ်ပြုလုပ်မည့် ရှေ့လုပ်ငန်းစဉ်များအား တိုင်ပင် ဆွေးနွေးခြင်း ပြုလုပ်ခဲ့သည်။ ၎င်းဆွေးနွေးပွဲ အဓိက မြေယာမူဝါဒများ ဆက်လက် အကောင်အထည်ဖော်ဆောင်နိုင်ရန်နှင့် ဒေသခံလူထုများအား မြေယာသိမ်းဆည်းမှုကဏ္ဍကို တာဝန်ယူပြီး လုပ်ဆောင်နိုင်မည့် စွမ်းရည်မြှင့်တင်ခြင်းဆိုင်ရာများကို ဆက်လက်
လုပ်ဆောင်သွားမည်ဖြစ်သည်။

အားလုံးခြုံငုံကြည့်မည်ဆိုလျှင် တက်ရောက်လာသည့် ပအိုဝ်းလူငယ်အစည်းအရုံး၏ တက်ကြွသောလူငယ်အဖွဲ့ဝင်များမှ မြေသိမ်းခံတောင်သူကိုယ်စားလှယ်များ လူငယ်များ၏ အခွင့်အရေးများကို အခြေခံဖော်ပြသည့် ယခုအစီရင်ခံစာမှ ဆက်လက်၍ စည်းရုံးလှုံ့ဆော်မှု အတွက် အကျိုးရှိသော တွေ့ဆုံဆွေးနွေးမှုတစ်ခု ဖြစ်ပြီး အောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ခဲ့ခြင်းဖြစ်သည်။

တက်ရောက်လာသည့် တောင်သူကိုယ်စားလှယ်များ လူငယ်များ မီဒီယာဌာနများ လူမှုအဖွဲ့အစည်းများ ပအိုဝ်းလူငယ်အစည်းအရုံး အဖွဲ့ဝင်များ ရုံးတာဝန်ခံများနှင့် အဖက်ဖက်မှ ပူးပေါင်းကူညီသူများ အလှူရှင်များအားလုံး အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ရှေ့ဆက် အတူတကွ ပူးပေါင်းလက်တွဲနိုင်ရန်လည်း မျှော်လင့်ပါကြောင်း ထပ်လောင်းပြောကြားအပ်ပါသည်။