May 4, 2024

Pa-O Youth Organization (PYO)

To promote quality critical thinking and creative of youth

မြန်မာနိုင်ငံတွင် ဘာ့ကြောင့် ကျောက်မီးသွေး စွမ်းအင် အသုံးမပြုသင့်သလဲ ဘယ်သူ့အတွက်လဲ သတင်းစာရှင်းလင်းပွဲ

……………

မှတ်ချက်။ ဤသတင်းကို ၂၀ ရက်နေ့ နာရီခွဲ အထိ ထိန်းသိမ်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

တီကျစ်ကျောက်မီးသွေးသတ္ထုတွင်းနှင့် ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံကြောင့် ဒေသခံများရင်ဆိုင်နေရသော နောက်ဆက်တွဲ ပြဿနာများအခြေအနေ

မြန်မာနိုင်ငံ ဒီမိုကရေစီအရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်နေသော ကာလအတွင်း တီကျစ်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ဒေသခံ တိုင်းရင်းသား များအပေါ် ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်အရေး၊ လူမှုရေး၊ စီးပွားရေး ထိခိုက်ပျက်ဆီးလာခြင်း- နည်းပညာ နိမ့်ပါးမှုကြောင့် ရင်းနှီးမြုပ်နှံသူများမှ အရှုံးပေါ်ခြင်း နှင့် အစိုးရ အနေဖြင့် နိုင်ငံတော် အကျိုးမဖြစ်ထွန်းမှုများကြောင့် ရပ်ဆိုင်းခဲ့ရသော ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းအား ယခု တရုတ်နိုင်ငံ Wuxi Huanggaung Electric Power Engineering ကုမ္ပဏီမှ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး  နည်းပညာ အသစ်များဖြင့် ပြန်လည်ပြင်ဆင်ရန် စီစဉ်နေသည်။

စွမ်းအင်သည် နိုင်ငံရေးဖြစ်သည်။ ဒေသခံတိုင်းရင်းသားလူထု အကျိုး ဖြစ်ထွန်းစေရန် ပါဝင်ဆုံးဖြတ်မှု မရှိခြင်း၊ နည်းပညာ နှင့် စီမံခန့်ခွဲမှု အားနည်းခြင်းအပြင် ဖက်ဒရယ် အခြေခံသော မူဝါဒများအား နိုင်ငံရေးအရ လွတ်လပ်စွာ အဖြေရှာခြင်း မရှိသေးပဲ ဆက်လက်ဖော်ဆောင်မည့် စီမံကိန်းအား လုံးဝ ရပ်တန့်ရန် လိုအပ်သည်။

ပအိုဝ်းလူငယ်အစည်းအရုံးသည် ၁၉၉၈ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့ တွင် လူငယ်၊ အမျိုးသမီးများ နှင့် ဒေသလူထုများမှ “လွတ်လပ်သော – ကိုယ်ကျိုးမမျှော်ကိုးသော” အခြေခံမှုဖြင့် လူထုအကျိုးပြု လူမှုအကျိုးပြု အစည်းအရုံးအဖြစ် ဖွဲ့စည်းခဲ့သည်။ “တီကျစ်မြေမှ ခေါင်းလောင်းသံ” အစီရင်ခံစာအုပ်ကို ပအိုဝ်းလူငယ်အစည်းအရုံးမှ  တီကျစ်ကျောက်မီးသွေးသတ္ထုတွင်းနှင့် ကျောက်မီးသွေးသုံးလျှပ်စစ် ဓာတ်အားပေးစက်ရုံ၏ ဆိုးကျိုးကြောင့် နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်နေမှုအခြေအနေကို တင်ပြထားပါသည်။

လက်ရှိမြန်မာနိုင်ငံတွင် ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၃ ရုံရှိပြီး ရှမ်းပြည်နယ် နောင်ချိုမြို့ရှိ ၁၅ မဂ္ဂါဝပ်နှင့် ကော့သောင်းမြို့ရှိ ၈ မဂ္ဂါဝပ်တို့မှာ ပြည်နယ်အစိုးရ၏ စီမံခန့််ခွဲမှု အောက်တွင်ရှိသည်ဟု သိရှိရသည်။ ယခင် အစိုးရလက်ထက်တွင် ကျောက်မီးသွေးစက်ရုံ ၁၁ ရုံတည်ဆောက်ရန်လျာထားခဲ့ပြီး စုစုပေါင်း မဂ္ဂါဝပ် ၉၈၀၀ ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ၎င်းစီမံကိန်းကုမ္ပဏီများနှင့် မြန်မာအစိုးရအကြား နားလည်မှုစာချွန်လွှာ(MOU) ရေးထိုးထားခဲ့ကြသည်ဟု သိရှိရသည်။

ဒီတီကျစ်ကျောက်မီးသွေး သတ္ထုတွင်းနဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံက လူနေကျေးရွာနဲ့ အရမ်းနီးကပ်တယ်။ နောက်ပြီး ဒေသခံတွေအတွက်လည်း ကျန်းမာရေး ပြဿနာတွေ ဖြစ်စေတယ်ပေါ့။ စက်ရုံက အရည်အသွေး မမှီတော့ ၂၀၁၄ ခုနှစ် ကစက်ရုံကို ရပ်တန့်ထားတယ်။ ခုကတော့ တရုတ်ကုမ္ပဏီတစ်ခုက အမေရိကန်နည်းပညာနဲ့ ပြန်လည်ပြင်ဆင်ပြီး စမ်းသပ်လည်ပတ်နေတယ်လို့ကြားတယ်။ အရင် စက်ရုံက အရည်အသွေးမမှီတဲ့အတွက် ဆိုးကျိုးခံစားရတာ ပြည်သူတွေပဲဖြစ်တယ်။ အဲဒီခံစားနေရတဲ့ ဆိုးကျိုးတွေကို ပြန်လည်ဖြေရှင်းတာတွေ မလုပ်ပေးဘဲနဲ့ ထပ်ပြီးလည်ပတ်ဖို့ လုပ်နေတယ်ဆိုတော့ ဒေသခံတွေအတွက် တော်တော်လေး ခက်ခဲနေတဲ့ အခြေအနေနဲ့ တွေ့ကြုံနေရတယ်။” “ဒါကြောင့် ဒေသခံကိုယ်စားပြောချင်တာက ဒီစီမံကိန်းကိုရပ်တန့်စေချင်ပါတယ်။လို့ ပအိုဝ်းလူငယ်အစည်းအရုံး၏ စီမံကိန်းတာဝန်ခံ ခွန်ရဲသွေးမှ ပြောပါတယ်။

တခြားသော အင်အားကြီးအိမ်းနီးချင်းနိုင်ငံများမှ ကျောက်မီးသွေးထုတ်လုပ်မှု လျော့ချနေချိန်တွင် မြန်မာနိုင်ငံမှ ကျောက်မီးသွေးလျှပ်စစ်စက်ရုံ တည်ဆောက်ရန် စီစဉ်နေသည့်အတွက် မြန်မာနိုင်ငံ၏ လေထုညစ်ညမ်းမှုများ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများအပါအဝင် သဘာဝဘေးဒဏ်များကို ထိခိုက်မှုဖြစ်စေနိုင်သည်။ ထို့ကြောင့် မိမိတို့နိုင်ငံမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို ပြည်ပသို့တင်ပို့ရောင်းချမည့်အစား နိုင်ငံတွင်းစွမ်းအင် လိုအပ်ချက်ကို လက်တွေ့ကျ မျှတစွာ ဖြည့်ဆည်းနိုင်ပါက နိုင်ငံတွင်း သန့်ရှင်းသောစွမ်းအင်များကို အန္တာရယ်ကင်းစွာ အသုံးပြုနိုင်မည်ဟု ပညာရှင်များမှ ထောက်ပြထားသည်ကို တွေ့ရှိရမည်ဖြစ်သည်။

သတင်းစာရှင်းလင်းပွဲ ရည်ရွယ်ချက်။

၁) ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင်းရှိ လက်တွေ့ ဖြစ်ပေါ်နေသော တီကျစ်ကျောက်မီးသွေး စက်ရုံ သတင်းအချက်အလက်များအား မီဒီယာများ နှင့် မဟာမိတ်များမှ တဆင့် ကျယ်ပြန့်စွာ အသိပေး လက်တွဲလုပ်ဆောင်နိုင်ရန်

၂)    လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်၏ သဘာဝသယံဇာတ အခန်းကဏ္ဍ အား နိုင်ငံရေးဆွေးနွေးပွဲ နှင့် မူဝါဒပြောင်းလဲရေးအတွက် အထောက်အပံ့ဖြစ်စေရန်

၃)    စီမံကိန်း ရပ်တန့်ပြီး လက်ရှိ ထိခိုက် ခံစားနေရမှုများအား ကုစား ပေးနိုင်ရန်

၎)    ဖက်ဒရယ် အခြေခံသော ဒေသခံတိုင်းရင်းသား လူထုအကျိုးပြုခြင်း၊ မျှတစွာ လက်တွေ့ကျစီမံခန့်ခွဲမှု နှင့် ဆုံးဖြတ်ပိုင်ခွင့် များအား ဖော်ဆောင်နိုင်ရန်

 

ဆက်သွယ်ရန်အီးမေး

pyorg.net@gmail.com

www.paoyouth.org

ဆက်သွယ်ရန်ခွန်ဦး (၀၉ ၄၂၀ ၅၅၈ ၀၄၇)             ခွန်ရဲသွေး (၀၉ ၄၂၀၇၆၇၅၃၁)