April 27, 2024

Pa-O Youth Organization (PYO)

To promote quality critical thinking and creative of youth

တီကျစ်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တစ်နှစ်ပြန်လည်စမ်းသပ်လည်ပတ်စဉ် ကျန်းမာရေးဆိုင်ရာပြဿနာများ ယခင်ထက်ပိုမိုဖြစ်ပွားလျက်ရှိသဖြင့် ၂၂ နှစ်ကြာ ထပ်မံလည်ပတ်မည်ဆိုပါက ဒေသခံများကလက်မခံကြောင်းနှင့် ချက်ချင်းရပ်ဆိုင်းပေးရန် ထုတ်ပြန်

တီကျစ်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းအား တစ်နှစ်ပြန်လည်စမ်းသပ်လည်ပတ်စဉ် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ယခင်ထက် ပိုမိုဖြစ်ပွားလျက်ရှိပြီး ၂၂ နှစ်ကြာ ထပ်မံ၍ လည်ပတ်မည်ဆိုပါက ဒေသခံများ၏ ရေရှည်ကျန်းမာ ရေးပြဿနာများ ပိုမိုဆိုးရွားလာဖွယ်သာရှိပြီး ဘ၀တစ်လျှောက်လုံး စိုးရိမ်ပူပန်မှုများဖြင့် နေထိုင်သွားရမည်ဖြစ်သဖြင့် ဒေသခံများက လက်မခံကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။

တီကျစ်စီမံကိန်း ဆက်လက်လည်ပတ်ပါက ပိုမိုးဆိုးရွားမည့်အခြေအနေကို လေ့လာနိုင်ရန် ဒေသခံလူထု ဒုက္ခထပ်မရောက်စေရန်နှင့် တီကျစ်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအား ဆက်လက် လည်ပတ်မှုမပြုရန်အတွက် ရည်ရွယ်ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

တီကျစ်စက်ရုံ တစ်နှစ်အတွင်း ပြန်လည်စမ်းသပ်လည်ပတ်မှုပြုလုပ်ရာမှ စက်ရုံလည်ပတ်သည့်အချိန်တွင် စက်သံနှင့်ကျောက် မီးသွေးပေါက်ကွဲသည့် ဆူညံသံများကြောင့် အနီးတစ်ဝိုက် ဒေသနေလူထူများမှာ နေ့ဘက်ပင်ပန်းစွာ ခြံအလုပ်လုပ်ပြီး အနားယူ အိပ်စက်ရန်အချိန်ဖြစ်သည့် ညဘက်တွင် ကောင်းမွန်စွာအိပ်စက်မှုများ မရရှိခဲ့ကြောင်း သိရသည်။

တီကျစ်ဒေသတွင် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ယခင်ထက်ပိုမိုဖြစ်ပွားလျက်ရှိပြီး သက်ဆိုင်ရာ ကျန်းမာရေးဌာနများမှလည်း  တီကျစ်ဒေသတွင် ကျန်းမာရေးအခြေအနေဆိုးရွားနေသည်ကို တွေ့ရသော်လည်း ပုံမှန်သဘာဝဖြစ်ရိုးဖြစ်စဉ်ဟုသာ အကြောင်းပြ ပြောဆိုနေသည်ကို ကြားသိရသည်။ အိမ်တိုင်းလိုလို မွေးမြူကြသည့် ကြက်ကဲ့သို့ အိမ်မွေးတိရစ္ဆာန်များမှာလည်း ပုံမှန်မဟုတ်သည့် ရောဂါလက္ခဏများ တွေ့ရှိနေသည်ကို တွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စိုက်ပျိုးရေးအတွက် အသုံးပြုသည့် ရေအရင်းအမြစ်သည်လည်း မိုင်းတွင်းမှစွန့် ပစ်သည့်ရေကိုသာ မဖြစ်မနေအသုံးပြုရသည့်အတွက် ဒေသနေလူထု၏ သီးနှံများ၊ ခြံမြေများအတွက် များစွာအန္တရာယ်ပြုနိုင်ကြောင်း၊ စက်ရုံစမ်းသပ်လည်ပတ်စဉ်ရရှိသည့် ရလဒ် ဆိုးများအား ဖော်ပြခြင်းမရှိဘဲ ရလဒ်ကောင်းများကိုသာ လူထုကိုချပြပြီး စီမံကိန်းဆက်လက်လည်ပတ်ရန် ဖော်ဆောင်နေကြောင်း ထုတ်ပြန်ခဲ့သည်။

စက်ရုံပြန်၍ လည်ပတ်ပါက ဒေသခံများ၏ စိုးရိမ်ပူပန်မှုများအနေဖြင့် နောက်ထပ် ၂၂ နှစ် လည်ပတ်ပါက ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲပြဿနာများကို ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးများ၊ သက်လတ်ပိုင်းလူငယ်များ၊ သက်ကြီးရွယ်အိုပိုင်းများအတွက် စိုးရိမ်စရာများဖြင့် ပြည့်လျက်ရှိပြီး လူ့သက်တမ်းစေ့မနေနိုင်မည်ကို ပူပန်လျက်ရှိကြောင်း သိရသည်။

အစိုးရနှင့် ကုမ္ပဏီများထံ ဒေသခံများ၏အဓိက သဘောထားဆုံးဖြတ်တိုက်တွန်းချက်အနေဖြင့် တီကျစ်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ချက်ချင်းရပ်ဆိုင်းပေးရန်၊ ဒေသလူထုအပေါ် ထိခိုက်ခံစားမှုများ၊ နစ်နာမှုများအား ကုစားပေးရန် နှင့် လျော်ကြေးများ ပေးအပ်ရန်၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင်  လွတ်လပ်သောဒေသခံလူထုနှင့်အတူ  ဒေသအကျိုးစီးပွားဖြစ်ထွန်းမှု၊ ဒေသစီမံခန့်ခွဲမှုနှင့် ဒေသလူထုပါဝင်ဆုံးဖြတ်မှုကို အခြေခံသော မူဘောင်မူဝါဒများရေးဆွဲရန် လျစ်လျူရှုခံနေရသည့် ဒေသခံလူထု၏ အသံသဘောထားများကို တီကျစ်ဒေသခံများနှင့် ‘ပအိုဝ်းလူငယ် အစည်းအရုံး’ က ပူးပေါင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

 

News Eleven မှကူးယူဖေါ်ပြသည်