April 26, 2024

Pa-O Youth Organization (PYO)

To promote quality critical thinking and creative of youth

ဘီးလင်းမြစ်ရေ စိုးရိမ်ရေအမှတ်အောက်အနည်းငယ်ကျဆင်းသော်လည်း စောင့်ကြည့်နေရဆဲဖြစ်

ဘီးလင်းရေကြီးခဲ့မှုအခြေအနေ (မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး)

မွန်ပြည်နယ်၊ ဘီးလင်းမြစ်ရေ ယနေ့နံနက်တိုင်းတာချက်အရ စိုးရိမ်ရေအမှတ်အောက်သို့ အနည်းငယ်ကျဆင်းလာသဖြင့် မော်တော်ကားကြီးအချို့ဖြစ်သန်းသွားလာနိုင်သော်လည်း စောင့်ကြည့်နေရသည့်အခြေအနေတွင် ရှိနေသေးကြောင်း သတင်းရရှိသည်။

၃ ရက်ကြာခန့်ပိတ်ထားရသည့် ဘီးလင်း-သထုံမော်တော်ကားလမ်းပိုင်းကို သက်ဆိုင်ရာမှလမ်းပြန်ဖွင့်ပေးသဖြင့် ရန်ကုန်မှ မွန်၊ ကရင်နှင့် တနင်္သာရီတိုင်းဒေသများသို့ မော်တော်ကားကြီးအချို့ ယခုအခါပြန်လည်ပြေးဆွဲနိုင်ပြီဖြစ်ကြောင်း ရေဘေးကယ်ဆယ်ရေးတွင် ပြည်နယ်အစိုးရအဖွဲ့နှင့် ပါဝင်ဆောင်ရွက်ခဲ့သူ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ဒေါက်တာအောင်နိုင်ဦးက ဒီမနက် ရေအမြင့် ၁၀၁၇ စင်တီမီတာဖြစ်တဲ့အတွက် စိုးရိမ်ရေအမှတ် ၁၀၂၂ အောက်ရောက်ရှိနေပါပြီ၊ ဒါပေမယ့် မိုးဆက်တိုက်ရွာနေသေးတဲ့အတွက် စိတ်မချတဲ့အနေအထားမျိုးပါ၊ ဒီနေ့ လပြည့်ကျော် ၄ ရက်ဆိုတော့ ပင်လယ်ဒီရေနိမ့်ကျလာမယ်၊ အမှန်တကယ်ကတော့ နောက်ရက်တွေမှာ ရေသေရက်တွေဖြစ်တော့ ပိုပြီးစိတ်ချရပါမယ်၊ မနေ့ညနေပိုင်းကတည်းက ၁၀ ဘီးကားတွေ ကားကြီးတွေ စတင်ဖြတ်သန်းခွင့်ပြုပြီ” ဟု ဆိုသည်။   

မွန်ပြည်နယ်အစိုးရအဖွဲ့ Facebook သတင်းဖော်ပြချက်တွင် ၂၀၁၈ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်နေ့၊ ညနေ (၂) နာရီအချိန်တွင် သထုံမြို့နယ် ဘက်မှလည်ကောင်း၊ ညနေ (၄) နာရီအချိန်တွင် ကျိုက်ထိုမြို့နယ်ဘက်မှ လည်းကောင်း ရန်ကုန်- မော်လမြိုင် အဝေးပြေးလမ်းမကြီးအား ပြန်လည်ဖွင့်လှစ်ခဲ့ရာ မိုင်တိုင်အမှတ် ၁၂၉ / ၀ မှ ၁၂၉ / ၄ အတွင်း လမ်းရေကျော်မှု အနည်းငယ်ကျန်ရှိနေပြီး မော်တော်ယာဉ်များ အစီး အရေအတွက်များပြားစွာ ဖြတ်သန်းသွားလာနေကြသဖြင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ အဆိုပါနေရာများတွင် ရေလမ်းကြောင်း ပြသခြင်းအား ညလုံးပေါက် ဆောင်ရွက်ပေးနိုင်ရန် အခက်အခဲများရှိနေပါ၍ ဇူလိုင်လ ၃၀ ရက်နေ့၊ ည (၁၀) နာရီအချိန်မှ ဇူလိုင်လ ၃၁ ရက်နေ့၊ နံနက် (၆) နာရီအချိန်အထိ မော်တော်ယာဉ်းများ ဖြတ်သန်း သွားလာခြင်းမပြုကြပါရန်” မေတ္တာရပ်ခံထားသည်ကို တွေ့ရှိရသည်။

 “ရေဘေးကြောင့်ရွှေ့ပြောင်းထားရသူတွေ လောလောဆယ်မှာတော့ သူတို့နေအိမ်မှာ ပြန်နေလို့မရသေးဘူး၊ ကယ်ဆယ်ရေး ထောက်ပံ့ရေးအပိုင်းမှာတော့ အနယ်နယ်အရပ်ရပ်က အလှူငွေတွေရှိတယ်၊ အစိုးရကလည်း ဘဏ္ဍာငွေထောက်ပံ့ပေးတာရှိတယ်၊ သို့သော်လည်း မြို့ပေါ်အနီးတဝိုက်မှာ ကယ်ဆယ်ရေးပစ္စည်း အလုံအလောက်ရရှိပေမယ့် တချို့မြို့ပေါ်နဲ့အလှမ်းဝေးတဲ့ သွားလာရေးခက်ခဲတဲ့ရွာတွေကိုတော့ ကယ်ဆယ်ရေး ထောက်ပံ့ရေး ရိက္ခာပစ္စည်းတွေ အရောက်နည်းတယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ဆက်ပြောသည်။ 

ဘီးလင်းမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာ နေရာ (၁၃) ၌ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း (၃၂) ခု၊ ဖွင့်လှစ်ထားပြီး အိမ်ခြေ/ အိမ်ထောင်စု (၁၈၁၅) စု၊ လူဦးရေ (၇၆၅၂) ဦး အားလည်းကောင်း၊ ကျိုက်ထိုမြို့နယ်တွင် ရပ်ကွက်/ ကျေးရွာ နေရာ( ၅) ခု၌ ကယ်ဆယ်ရေးစခန်း (၄) ခု၊ ဖွင့်လှစ်ထားပြီး အိမ်ခြေ/ အိမ်ထောင်စု (၅၅၂) စု၊ လူဦးရေ (၂၄၈၄) ဦးအား ဇူလိုင်လ ၂၈ ရက်နေ့တွင် ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ပြီး ကူညီထောက်ပံ့မှုများပေးအပ်ခဲ့ကြောင်း  မွန်ပြည်နယ်အစိုးရအဖွဲ့ Facebook သတင်းတွင် ဖော်ပြခဲ့သည်။

အလားတူ သထုံ၊ ရေးနှင့် ကျိုက်မရောမြို့နယ်တို့တွင် ယခုရက်ပိုင်းများအတွင်း ရေလွှမ်းမိုးမှုဒဏ်ခံရသော်လည်း စိုးရိမ်ရသည့်အနေအထားမရှိကြောင်း၊ ပေါင်မြို့နယ်တွင် လေပြင်းဒဏ်ကြောင့် အိမ်ခြေ ၃၀ ခန့်ပျက်စီးခဲ့ရကြောင်း သိရသည်။ 

အနှစ် ၅၀ တွင် အကြီးမားဆုံးယခုရေကြီးမှုအတွင်း မွန်၊ ကရင်၊ တနင်္သာရီ၊ ပဲခူးနှင့် မကွေးစသည့် တိုင်းနှင့်ပြည်နယ်(၅)ခုတွင် ယာယီကယ်ဆယ်ရေးစခန်းပေါင်း (၂၈၈) ၌ ရေဘေးဒုက္ခသည်တစ်သိန်းနှစ်သောင်းကျော်ရှိကြောင်း၊ ရေဘေးကြောင့် လူ(၁၁) ဦးထက်မနည်းသေဆုံးခဲ့ရာတွင် ဘီးလင်း၌ ကယ်ဆယ်ရေးဆောင်ရွက်သူတပ်မတော်သား ၃ ဦးရေထဲမျောပါအသက်ဆုံးရှုံခဲ့ရကြောင်း အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီညွှန်ကြားရေးမှူး ဒေါက်တာ မင်းသိန်းက သတင်းဌာနများသို့ ပြောကြားခဲ့သည်။

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်းဌာနမှ ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။